ဒီနေ့……..ကျွန်မရဲ့ စိတ်ဆင်းရဲမှုတွေ၊ သောကတွေ၊ မရေရာမှုတွေ……အားလုံး မျှဝေခံစားပေးမယ့်သူတစ်ယောက် ရခဲ့တယ်…..
လွဲနေတဲ့ အမြင်တချို့ကိုလည်း ပြောင်းပေးခဲ့တဲ့သူက ကျွန်မရဲ့လေးစားစရာကောင်းတဲ့ ဆရာမပါ။
ဆရာမကို ကျွန်မရဲ့ အဆင်မပြေတဲ့ ကိစ္စလေးတွေ ပြောပြမိတယ်…..သူ့ဆီကနေ ထင်မှတ်မထားတာတွေ ကြားခဲ့ရတယ်….
လောကကြီးက မညီမျှဘူးဆိုတာ တကယ်မှန်တယ်…..
ဆရာမမှာ အရင်အိမ်ထောင်ရှိခဲ့ဖူးမှန်း သိပါတယ်..ခုမှပဲ ဘာကြောင့်လမ်းခွဲခဲ့ရတယ် ဆိုတာသိတော့တယ်…
ယောက္ခမနဲ့ ယောင်းမကြောင့်တဲ့……သူတို့ရဲ့သွေးထိုးမှုကြောင့် သူ့ခင်ပွန်းက သူ့ကိုနေ့တိုင်းရိုက်တယ်။ ကုလားထိုင်နဲ့ ရိုက်တယ်။ သူရှာတဲ့ ပိုက်ဆံ အကုန်အပ်ရတယ်။ အကုန်သုံးပစ်တယ်……
၁၅ နှစ် သည်းခံပြီးတဲ့နောက်….ဘယ်လိုမှသည်းမခံနိုင်တော့လို့ လမ်းခွဲကြတဲ့အခါ သူ့ရဲ့ စီးပွားရေးတွေ၊ မိတ်ဆွေ၊ သူငယ်ချင်း အားလုံးကို HongKong မှာထားခဲ့ပြီး Singapore မှာရှိတဲ့မိသားစုဆီ ပြန်လာရတယ်……
ဘ၀မှာ တစ်ယောက်တည်းနဲ့ကြိုက်၊ ဒီတစ်ယောက်ကိုပဲ ယူခဲ့တဲ့ ဆရာမဟာ….၁၅ နှစ်လုံးလုံး စိတ်ဆင်းရဲသောကရောက်ခဲ့ရတဲ့ ဘ၀က မဆုံးသေးပါဘူး…..အိမ်ပြန်လာရတဲ့ ချွေးမ ပြန်မရောက်ခင် ယောက္ခမက ဖုန်းဆက်ပြီး အကြောင်းကြားပြီးနေပြီ…..သူ့ချွေးမဟာ နောက်တစ်ယောက်နဲ့ ဖောက်ပြန်၊ ကိုယ်ဝန်ရ၊ ကလေးကို ဖျက်ချတာ သူတို့သိသွားလို့ လမ်းခွဲကြပါတယ် ဆိုပြီး…….
မဟုတ်မဟတ်၊ လုပ်ဇာတ်တွေပြောခဲ့လို့ အဖေက လုံးဝစကားမပြောတဲ့ ဒဏ်ခတ်မှုကို အဖေဆုံးခါနီးအထိ ခံခဲ့ရပါတယ်။
မိတ်ဆွေအပေါင်းအသင်းမရှိ၊ မိသားစုကလည်းပစ်ပယ်တဲ့ဒဏ်တွေခံခဲ့ရပေမယ့် ဘ၀ကိုအရှုံးမပေးတဲ့ ဆရာမဟာ အခုတော့ တည်ငြိမ်တဲ့ အိမ်ထောင်အသစ်မှာ ယောက်ျားရဲ့ချစ်ခင်ယုယမှုခံနေရပါပြီ။ ဒါပေမယ့်လည်း သူတကယ်ချစ်ခဲ့၊ ချစ်ဆဲကတော့ အရင်အိမ်ထောင်ကိုပါတဲ့……
ညညအိမ်မက်ဆိုးတွေမက်ပြီး လန့်နိုးရင် ငိုရဆဲပါပဲတဲ့……
မိန်းမတွေရဲ့ ဘ၀ကို မဟုတ်တဲ့ စကားတစ်ခွန်းနဲ့ သတ်နိုင်တယ်နော်……သူ့လို ၁၅နှစ်လုံးလုံး ဒုက္ခခံခဲ့ရတဲ့သူတောင် ကိုယ့်ကိုယ်ကိုယ်တည့်မတ်ပြီး ပြန်ထနိုင်သေးရင် ……..၄ နှစ်လောက်ပဲရှိသေးတဲ့ ကျွန်မက စိတ်ဓာတ်ကျနေလည်း အပိုပဲပေါ့နော်….
ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိပြီး စိတ်ထားကောင်းတဲ့ မိန်းမတွေဟာ တစ်ချိန်ချိန်မှာတော့ စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာနဲ့ သာယာတဲ့ဘ၀လေး ရလိမ့်မယ်လို့ မျှော်လင့်ရတာပါပဲ……
No comments:
Post a Comment